ဦးစီးဌာန

အထွေ​ထွေ​ အုပ်ချုပ်​ရေး ဦးစီး​ ဌာန

Mon, 11/25/2013 - 09:09
Profile

အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာန သမိုင်းကြောင်း
နိဒါန်း
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏  အုပ်ချုပ်ရေး ယန္တရား ဖြစ်စဉ်ကို ပြန်လည် လေ့လာရာတွင် ကိုယ်ထီး ကိုယ့်နန်း ကိုယ့်ကြငှန်းဖြင့် ရှိစဉ် အခါကတည်းက နိုင်ငံတော် အုပ်ချုပ်ရေး ယန္တရားသည် မှူးကြီးမတ်ရာ၊ သေနာပတိ၊ မြို့စား၊ နယ်စား၊ ရွာစား စသည်တို့ကို မဏ္ဍိုင်ပြု၍ ဘုရင်စနစ်ဖြင့် အုပ်ချုပ် ခဲ့သည်။ ထို့နောက် ဗြိတိသျှ ကိုလိုနီ နယ်ချဲ့တို့မှ  မြန်မာနိုင်ငံကို သိမ်းယူခဲ့ပြီး ၄င်းတို့ အလိုကျ ကိုလိုနီ စနစ်  အုပ်ချုပ်ရေးကို သွတ်သွင်း အုပ်ချုပ်ခဲ့ပါသည်။ ထိုစဉ်ကပင် အုပ်ချုပ်ရေး ယန္တရားအား ပြည်ထဲရေး ဝန်ကြီး ဌာန၊ ဝန်ထမ်းများကို မဏ္ဍိုင်ပြု၍ လည်ပတ်စေခဲ့ရာ တရားဥပဒေ စိုးမိုးရေးနှင့် ငြိမ်ဝပ်ပိပြားရေး၊  အခွန်တော် ကောက်ခံရေး၊ စည်ပင်သာယာရေး၊ ဒေသ ဖွံဖြိုးရေး ကိစ္စများကို အစိုးရ အဆက်ဆက်က   တာဝန် ပေးအပ်သည့်အတိုင်း ဆောင်ရွက် ခဲ့ ရ ပါသည်။

ကိုလိုနီခေတ် မြန်မာနိုင်ငံ အုပ်ချုပ်ရေး
ဗြိတိသျှတို့သည် မြန်မာနိုင်ငံအား ၁၈၂၄ ခုနှစ်၊ ပထမအကြိမ် ကျူးကျော်စစ်ပွဲတွင် ရခိုင်နှင့်တနင်္သာရီကို သိမ်းပိုက်ခဲ့သည်မှ စ၍ ဗြိတိသျှ ကိုလိုနီ အုပ်ချုပ်ရေး စတင်ခဲ့ပါသည်။ ရခိုင်ဒေသ၏ အုပ်ချုပ်ရေးကို ဘင်္ဂလား အစိုးရ၏ အုပ်ချုပ်မှုအောက်တွင် ထားပြီး တနင်္သာရီ ကိုမူ အိန္ဒိယ ဘုရင်ခံချုပ်၏ တိုက်ရိုက် အုပ်ချုပ်မှု အောက်တွင် ထားရှိပါသည်။ ဒုတိယ ကျူးကျော် စစ်ဖြစ်ပွားသည့် ၁၈၅၂ ခုနှစ်တွင် အင်္ဂလိပ် တို့က ပဲခူးတိုင်းကို သိမ်းပိုက်ပြီး ရခိုင်၊ တနင်္သာရီ နှင့် ပဲခူးဒေသကို ပေါင်း၍ ဗြိတိသျှ မြန်မာနိုင်ငံ အဖြစ် ဖွဲ့စည်းကာ ဝန်ရှင်တော် မင်းကြီး (Commissioner)က အုပ်ချုပ်ပါသည်။ ၁၈၈၅ ခုနှစ်တွင် တတိယ အကြိမ် အင်္ဂလိပ်-မြန်မာ စစ်ပွဲဖြစ်ပွားပြီး အထက် မြန်မာနိုင်ငံကိုပါ ဗြိတိသျှတို့က သိမ်းပိုက်လိုက် ပါသည်။ ထိုကာလ အတွင်း မြန်မာ့လွှတ်တော်ကို မဖျက်သိမ်းဘဲ ကင်းဝန်မင်းကြီး ဦးကောင်းနှင့် ပူးပေါင်း၍ ၁၈၈၆ ခုနှစ်၊ မတ်လ အထိ စစ်အုပ်ချုပ်ရေး အသွင်ဖြင့် အုပ်ချုပ်ခဲ့ပါသည်။ ထို့နောက် အောက် မြန်မာနိုင်ငံနှင့် အထက် မြန်မာနိုင်ငံကို ပေါင်းပြီး အိန္ဒိယ ဘုရင်ခံချုပ်က ခန့်အပ်သော မဟာဝန်ရှင်တော် မင်းကြီး (Chief Commissioner)က အုပ်ချုပ်ခဲ့ပါသည်။ ၁၈၉၇ ခုနှစ်တွင် မြန်မာနိုင်ငံအား ဒုတိယ ဘုရင်ခံချုပ် အုပ်ချုပ်သည့် ပြည်နယ် အဖြစ် တိုးမြှင့်လိုက်ပါသည်။ ၁၉၀၈ ခုနှစ်တွင် မြန်မာနိုင်ငံ အတွင်း ဝန်များရုံး “ကိုဓ”ဥပဒေကို ပြဌာန်း၍ ၄င်းဥပဒေ အရ အတွင်းဝန်ချုပ်သည် အစိုးရ အဖွဲ့ကို တာဝန်ခံ၍ အထွေထွေ အုပ်ချုပ်ရေး လုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်ခဲ့ပါသည်။ ကိုလိုနီ အုပ်ချုပ်ရေး ယန္တရားကို ဒိုင်အာခီ မတိုင်မီ အုပ်ချုပ်ရေး၊  ဒိုင်အာခီ အုပ်ချုပ်ရေးနှင့် ၉၁ ဌာန အုပ်ချုပ်ရေး ဟူ၍ ကာလ(၃)ပိုင်း ခွဲခြား နိုင်ပါသည်။

ပါလီမန် ဒီမိုကရေစီခေတ် အုပ်ချုပ်ရေး
၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် လွတ်လပ်ရေးကို ကြေညာ၍ ပြည်ထောင်စု မြန်မာနိုင်ငံကို ထူထောင်ခဲ့ပါသည်။ ၁၉၄၈ ခုနှစ်မှ ၁၉၆၂ ခုနှစ် အထိ ကာလသည် ဖဆပလခေတ် ပါလီမန် အုပ်ချုပ်ရေး ကာလဟု သတ်မှတ်နိုင်ပါသည်။ ပြည်ထောင်စု အစိုးရ၏ အုပ်ချုပ်မှု ကိစ္စ အဝဝကို ဆောင်ရွက်ရန် ဝန်ကြီး ဌာနများ (Functional Ministries)များ ဖွဲ့စည်းရာတွင် ပြည်ထဲရေး ဝန်ကြီး ဌာနလည်း ပါဝင်၍ ဝန်ကြီးဌာန တစ်ခုချင်း အလိုက် လုပ်ငန်းများ အကောင်အထည် ဖော်နိုင်ရန် အတွက် အတွင်းဝန်များရုံး ကိုလည်း ဖွဲ့စည်းထားပါသည်။ ပြည်မတွင် နိုင်ငံတော် အစိုးရအဖွဲ့ ကိုယ်စား ပြည်ထဲရေး ဝန်ကြီး ဌာနက အုပ်ချုပ်မှု ဆိုင်ရာ ကိစ္စရပ်များကို အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို အမာခံ ထား၍ စီမံခန့်ခွဲပါသည်။ ဝန်ကြီးသည် အုပ်ချုပ်ရေးလုပ်ငန်းဆိုင်ရာ “မူဝါဒ”များ ချမှတ်ပြီး အတွင်းဝန်က လုပ်ငန်းအောင်မြင်ရေးအတွက် ကြီးကြပ်ကွပ်ကဲ၍ အကောင်အထည်ဖော်ပါသည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံ ဝန်ထမ်း (Burma Civil Services)များဖြစ်သော အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများသည် ဝန်ကြီး ဌာနအသီးသီးနှင့် အတွင်းဝန်ရုံး အဖွဲ့များတွင် အတွင်းဝန်၊ ဒုတိယ အတွင်းဝန်နှင့် အတွင်းဝန် ကလေးများ အဖြစ် လည်းကောင်း၊ နယ်များတွင် တိုင်းမင်းကြီး၊ ခရိုင်ဝန်၊ နယ်ပိုင် ဝန်ထောက်၊ မြို့ပိုင်၊ လက်ထောက် မြို့ပိုင်များ အဖြစ် လည်းကောင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ကာလတွင် ပြည်ထဲရေး ဝန်ကြီး ဌာန၌ အောက်ပါ ဌာနခွဲများ ဖွဲ့စည်း ထားပါသည်၊

  • အထွေထွေ အုပ်ချုပ်ရေး ဌာနခွဲ
  • ဒီမိုကရေစီ ဒေသန္တရ အုပ်ချုပ်ရေး ဌာနခွဲ(မြူနီစပါယ်နှင့် ဒိစတြိတ် ကောင်စီများ)
  • ပြည်သူ့ရဲ တပ်ဖွဲ့
  • အထူးစုံစမ်း စစ်ဆေးရေး ဌာနခွဲ
  • လူဝင်မှု ကြီးကြပ်ရေး ဌာနခွဲ
  • အမျိုးသား မှတ်ပုံတင် ဌာနခွဲ
  • သန်းခေါင်စာရင်း ဌာနခွဲ
  • မီးသတ် ဌာနခွဲ
  • ပြည်သူ့ အုပ်ချုပ်ရေး ဌာနခွဲ
  • ရာထူးဝန် အဖွဲ့
  • ဗဟိုပြည်သူ့ဝန်ထမ်းကျောင်း
  • သာသနာရေး ဌာနခွဲ
  • ပါဠိတက္ကသိုလ်နှင့် ဓမ္မာစရိယ ဌာနခွဲ

၁၉၄၈ ခုနှစ်မှ ၁၉၇၂ ခုနှစ် အထိ နိုင်ငံတော် အစိုးရ၏ အုပ်ချုပ်ရေး ကိစ္စအဝဝကို အထွေထွေ အုပ်ချုပ်ရေး ဝန်ထမ်းများသည် ဝန်ကြီးဌာန အချို့ကို အောက်ပါအတိုင်း တာဝန်ခံ၍ ဆောင်ရွက်ခဲ့ပါသည်။

  • ပြည်ထဲရေး ဝန်ကြီး ဌာနကို တာဝန်ခံ၍ ကျေးရွာ မြို့ပြ အုပ်ချုပ်ရေး (ရပ်ရွာအေးချမ်း သာယာရေး၊တရားဥပဒေ စိုးမိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး) ဆိုင်ရာ လုပ်ငန်းများနှင့် အထွေထွေ အုပ်ချုပ်ရေး လုပ်ငန်းများ၊
  • တရားရေး ဝန်ကြီး ဌာနကို တာဝန်ခံ၍ ရာဇဝတ်မှုနှင့် ပြစ်မှု ကြိုတင် ကာကွယ်ရေး၊ မှုခင်း ဆိုင်ရာ တရားစီရင်ရေး လုပ်ငန်းများ၊
  • ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာနကို တာဝန်ခံ၍ မြေယာ အုပ်ချုပ်ရေး၊ ယစ်မျိုး အုပ်ချုပ်ရေး၊ ငွေတိုက် အုပ်ချုပ်ရေး လုပ်ငန်းများ၊
  • လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေး ဝန်ကြီး ဌာနကို တာဝန်ခံ၍ မရွှေ့မပြောင်းနိုင်သော ပစ္စည်များ၊ စာချုပ်စာတမ်း မှတ်ပုံတင် လုပ်ငန်းများ၊
  • ဒီမိုကရေစီ ဒေသန္တရ အုပ်ချုပ်ရေးနှင့် ဒေသန္တရ ဝန်ကြီး ဌာနကို တာဝန်ခံ၍ မြူနီစပါယ်၊ မြို့ကော်မတီ၊ ဒိစကြိတ် ကောင်စီနှင့် ခရိုင် အုပ်ချုပ်သော ဒေသန္တရ အဖွဲ့များ ဆိုင်ရာ လုပ်ငန်းများ၊
  • ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာနကိုတာဝန်ခံ၍ သဘာဝ ဘေး အန္တရာယ် ကယ်ဆယ်ရေး လုပ်ငန်းနှင့် လူမှုဝန်ထမ်း လုပ်ငန်းများ၊
  • နိုင်ငံတော် အစိုးရမှ ပေးအပ်သော အခြား တာဝန်များ၊

၁၉၅၇ ခုနှစ်တွင် အတွင်းဝန်ချုပ်၏ တာဝန် ဝတ္တရားများကို  ပြန်လည် သတ်မှတ်ရာ၌ အတွင်းဝန်ချုပ်၏ ပင်ရင်း ဌာနကို ပြည်ထဲရေး ဝန်ကြီး ဌာန အစား ဝန်ကြီးချုပ်ရုံး လက်အောက်သို့      ပြောင်းလဲ သတ်မှတ် ခဲ့ပါသည်။ ယင်းသတ်မှတ်ချက် အရ ၁၉၅၈ ခုနှစ်၊ ဇွန်လ(၁၃) ရက်နေ့မှ စ၍ အတွင်း ဝန်ချုပ်ကို နိုင်ငံတော် ဝန်ကြီးချုပ်ရုံး လက်အောက်သို့ လွှဲပြောင်းပေးလိုက်ပြီး နောက် ပြည်ထဲရေး ဝန်ကြီး ဌာန၊ အတွင်းဝန်သည် အထွေထွေ အုပ်ချုပ်ရေး လုပ်ငန်းများ၏ အကြီးအကဲ အဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့ပါသည်။ အုပ်ချုပ်မှုအာဏာအနေဖြင့် ဝန်ကြီးချုပ်သည် အစိုးရအဖွဲ့အကြီးအကဲဖြစ်၍ ဝန်ကြီးအဖွဲ့ကို ဦးဆောင်ပါသည်။ အစိုးရကိစ္စ အရပ်ရပ်ကို ပြည်နယ်များတွင် အုပ်ချုပ်ရေး အာဏာအား အောက်ပါအတိုင်း သတ်မှတ် ကျင့်သုံးပါသည်။

  • ပြည်မတွင် ပြည်ထဲရေး ဝန်ကြီး ဌာနက စီမံ ခန့်ခွဲပါသည်။
  • ပြည်နယ်များတွင် ပြည်နယ် ဦးစီး အဖွဲ့က စီမံ ခန့်ခွဲပါသည်။
  • နယ်ခြား ဒေသတိုင်း(၃)တိုင်း ၊ခရိုင်(၇)ခုနှင့် မြို့နယ်(၁၈)မြို့နယ်ကို နယ်ခြား ဒေသ အုပ်ချုပ်ရေး ဌာနက စီမံ ခန့်ခွဲပါသည်။

၁၉၆၂ ခုနှစ် အတွင်း တော်လှန်ရေး ကောင်စီအစိုးရ လက်ထက်၊ ၁၉၆၂ ခုနှစ်၊ မေလ (၉)ရက်နေ့တွင် တပ်မတော်က ဦးဆောင်၍ အထွေထွေ အုပ်ချုပ်ရေး ဝန်ထမ်းများ အပါအဝင် လုံခြုံရေးနှင့် အုပ်ချုပ်မှု ကော်မတီ အဆင့်ဆင့်ကို ဖွဲ့စည်းခဲ့ပြီး ပြည်နယ်များတွင် ကချင်၊ ကရင်၊ ကယား၊ ရခိုင်နှင့် ချင်းပြည်နယ် များကို ဖျက်သိမ်း၍ ပြည်နယ် ဦးစီး အဖွဲ့များဖြင့် ပြင်ဆင် ဖွဲ့စည်းခဲ့ပါသည်။

အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန စတင် ဖွဲ့စည်းခြင်း
မြန်မာနိုင်ငံတွင် တည်ရှိခဲ့သည့် အုပ်ချုပ်ရေး စနစ်သည် အခြေခံအားဖြင့် ကိုလိုနီ အုပ်ချုပ်ရေး စနစ်ကို ပြုပြင်ထားသည့် စနစ်သာ ဖြစ်သည့် အလျောက် တိုင်းရင်းသား လူမျိုးတို့၏ အကျိုးကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်နှင့် ဆိုရှယ်လစ် ဒီမိုကရေစီ ယန္တရား တပ်ဆင် နိုင်ရေး အတွက် အသင့် ဖြစ်အောင် ကြိုတင် ပြင်ဆင်ထားနိုင်ရန် တော်လှန်ရေး ကောင်စီသည် ၁၉၇၂ ခုနှစ်တွင် တော်လှန်ရေး ကောင်စီ၏ ၁၅-၃-၇၂ ရက်စွဲပါ ကြေညာချက် အမှတ် (၉၇)အရ အုပ်ချုပ်ရေး စနစ်သစ်ကို ဖော်ထုတ်ခဲ့ ပါသည်။ ပြည်ထဲရေး ဝန်ကြီး ဌာနအား ဒီမိုကရေစီ ဒေသန္တရ အုပ်ချုပ်ရေးနှင့် ဒေသန္တရ အဖွဲ့များ ဝန်ကြီး ဌာန၊ လူဝင်မှု ကြီးကြပ်ရေး၊ အမျိုးသား မှတ်ပုံတင်ရေးနှင့် သန်းခေါင်စာရင်း ဝန်ကြီး ဌာန၊ သာသနာရေး ဝန်ကြီး ဌာနတို့နှင့် ပူးပေါင်းပြီး ပြည်ထဲရေးနှင့် သာသနာရေး ဝန်ကြီး ဌာန ဟူ၍ ပြင်ဆင် ဖွဲ့စည်းခဲ့ပါသည်။ အဆိုပါ ပြည်ထဲရေးနှင့် သာသနာရေး ဝန်ကြီး ဌာနအောက်တွင် အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာနကို သီးခြား ဌာန တစ်ခု အဖြစ် စတင် ဖွဲ့စည်းခဲ့ပါသည်။ ယခင် ဆောင်ရွက်ခဲ့သည့် အထွေထွေ အုပ်ချုပ်ရေး လုပ်ငန်း၊ စည်ပင်သာယာရေး လုပ်ငန်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်း၊ စာပေ စိစစ်ရေးနှင့် မှတ်ပုံတင်ရေး လုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်ပြီး အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာနရုံးကို ရုံးချုပ်၊ ပြည်နယ်/တိုင်းရုံးနှင့် မြို့နယ်ရုံးများ ဟူ၍ အဆင့်ဆင့် ဖွဲ့စည်းပါသည်။ အုပ်ချုပ်ရေး စနစ်သစ် အရ နယ်အုပ်ချုပ်ရေး ဝန်ထမ်းများ ဖြစ်သော တိုင်းမင်းကြီး၊ ခရိုင်ဝန်၊ နယ်ပိုင်မြို့ပိုင်များမှ ထမ်းဆောင်လျက် ရှိသည့် ရာဇဝတ် တရားစီရင်ရေး၊ မြေနှင့် အခွန်အုပ်ချုပ်ရေး၊ ငွေတိုက် အုပ်ချုပ်ရေး၊ စာချုပ်စာတမ်း မှတ်ပုံတင် လုပ်ငန်း တာဝန်များကို သက်ဆိုင်ရာ ဝန်ကြီး ဌာနများ အောက်ရှိ ဦးစီးဌာန အသီးသီးသို့ အောက်ပါ အတိုင်း လွှဲပြောင်း ပေးအပ်ခဲ့ပါသည်။

  • ပြည်ထဲရေး ဝန်ကြီး ဌာနကို တာဝန်ခံ လုပ်ကိုင်ရသော အထွေထွေ အုပ်ချုပ်ရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများမှ အပ ရဲလက်စွဲနှင့် လက်နက်ဥပဒေပါ လုပ်ငန်း တာဝန်များကို ပြည်သူ့ရဲတပ်ဖွဲ့သို့ လည်းကောင်း၊
  • အကျဉ်းထောင် လက်စွဲပါ လုပ်ငန်းများကို အကျဉ်းဦးစီး ဌာနသို့ လည်းကောင်း၊
  • နိုင်ငံခြားသားများ မြန်မာနိုင်ငံသား ဖြစ်မှု စည်းမျဉ်းဥပဒေပါ လုပ်ငန်းများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီး ဌာနသို့ လည်းကောင်း၊
  • အထက်မြန်မာပြည် ကျောက်မျက်ရတနာ စည်းမျဉ်း ဥပဒေပါ လုပ်ငန်းများကို သတ္တုတွင်း ဝန်ကြီး ဌာနသို့ လည်းကောင်း၊
  • စက်ရေနွေးအိုး ဥပဒေပါ လုပ်ငန်းများကို အလုပ်ရုံ စစ်ဆေးရေး ဦးစီး ဌာနသို့ လည်းကောင်း၊
  • စိတ္တဇ ရောဂါ၊ အနာကြီးရောဂါ အက်ဥပဒေပါ လုပ်ငန်းများကို ကျန်းမာရေး ဦးစီး ဌာန သို့ လည်းကောင်း၊
  • တရားရေး ဝန်ကြီး ဌာနကို တာဝန်ခံ၍ ဆောင်ရွက်ရသော ပြစ်မှုဆိုင်ရာ ကြိုတင် ကာကွယ်ရေး၊ ရာဇဝတ် တရားစီရင်ရေး လုပ်ငန်းများကို တရားရေး ဝန်ကြီး ဌာနသို့ လည်းကောင်း၊
  • ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာနကို တာဝန်ခံ၍ ဆောင်ရွက်ရသော လုပ်ငန်းများကို ပြည်တွင်း အခွန်များ ဦးစီး ဌာနသို့ လည်းကောင်း၊
  • ငွေတိုက်နှင့် လက်အောက် ငွေတိုက် လုပ်ငန်းများကို မြန်မာ့စီးပွားရေး ဘဏ်သို့ လည်းကောင်း၊
  • လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေး ဝန်ကြီး ဌာနကို တာဝန်ခံ၍ ဆောင်ရွက်ရသော မြေနှင့် မရွှေ့မပြောင်းနိုင်သော ပစ္စည်များ စာချုပ်စာတမ်း မှတ်ပုံတင် ဥပဒေပါ လုပ်ငန်းများကို ကြေးတိုင်နှင့် မြေစာရင်း ဦးစီး ဌာနသို့ လည်းကောင်း လွှဲပြောင်း ပေးခဲ့ပါသည်။

ယင်းသို့ လုပ်ငန်း တာဝန်များကို သက်ဆိုင်ရာ ဝန်ကြီး ဌာနများနှင့် ဦးစီး ဌာနများသို့ လွှဲပြောင်း ပေးခဲ့ပြီးနောက် အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာန၏ လုပ်ငန်း တာဝန်များသည် အောက်ပါ အတိုင်း ပြောင်းလဲသွားခဲ့ပါသည်။

  • မြို့ပြနှင့် ကျေးလက်ဒေသ အုပ်ချုပ်ရေး
  • ကျေးလက်ဒေသ ဖွံ့ဖြိုးရေး
  • စာပေစိစစ်ရေးနှင့် ပုံနှိပ်သူများ၊ ထုတ်ဝေသူများ မှတ်ပုံတင်ရေး
  • ဒေသန္တရ အုပ်ချုပ်ရေး ဆိုင်ရာ လုပ်ငန်းတာဝန်များ၊
  • ဦးစီးဌာန တစ်ခုလုံး၏ ဝန်ထမ်းရေးရာ၊ ငွေစာရင်းနှင့် အုပ်ချုပ်မှုဆိုင်ရာ လုပ်ငန်းတာဝန်များ
  • ဝန်ကြီးဌာနက ပေးအပ်သည့် အခြား အထွေထွေ လုပ်ငန်း တာဝန်များ၊

၁၉၇၄ ခုနှစ်တွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြဌာန်းပြီးနောက် ခရိုင်အဆင့်၊ ခရိုင်ခွဲ အဆင့်နှင့် မြို့နယ်ခွဲ အဆင့်များကို ဖျက်သိမ်းခဲ့ပါသည်။ စီမံခန့်ခွဲရေး အဆင့် အနေဖြင့် ပြည်နယ်၊ တိုင်း၊ မြို့နယ်များ အဖြစ် ပြင်ဆင်ဖွဲ့စည်းပြီး လုပ်ငန်း ပမာဏနှင့် လူဦးရေ အပေါ် အခြေခံ၍ ရုံးများကို (က)အဆင့်၊ (ခ)အဆင့်၊ (ဂ)အဆင့်ဟူ၍ သတ်မှတ်ခဲ့ပါသည်။၂-၃-၁၉၇၄ ရက်နေ့တွင် ကျင်းပသော ပထမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်သူ့ကောင်စီ ဥပဒေကို ပြဌာန်း၍ ပြည်နယ်၊ တိုင်း၊ မြို့နယ်နှင့် ရပ်ကွက်/ကျေးရွာ အုပ်စု ပြည်သူ့ ကောင်စီ အဆင့်ဆင့်နှင့် အလုပ်အမှုဆောင် အဆင့်ဆင့်ကို ဖွဲ့စည်းပါသည်။၂-၈-၁၉၇၆ ရက်နေ့တွင် နိုင်ငံတော် ကောင်စီက ကြေညာချက် အမှတ် (၅/၇၆)ကို ထုတ်ပြန်၍ ပြည်သူ့ကောင်စီ အဆင့်ဆင့်၏ အလုပ်အမှုဆောင် အဆင့်ဆင့်အား တာဝန်နှင့် လုပ်ပိုင်ခွင့်များ အပ်နှင်းခဲ့ရာ ယခင် တိုင်းမင်းကြီး၊ ခရိုင်ဝန်၊ နယ်ပိုင်၊ မြို့ပိုင်တို့၏ လုပ်ပိုင်ခွင့်များ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ကိစ္စအရပ်ရပ် (သို့မဟုတ်) ဌာနဆိုင်ရာ လုပ်ငန်း တာဝန် အရပ်ရပ်တို့သည် ပြည်သူ့ကောင်စီ အလုပ်အမှုဆောင် အဖွဲ့ အဆင့်ဆင့်ထံသို့ ရောက်ရှိသွားပါသည်။ ၁၁-၁၂-၁၉၇၆ ရက်နေ့တွင် ကျင်းပသော နိုင်ငံတော် ကောင်စီ၏ (၆၀)ကြိမ်မြောက် အစည်းအဝေးက ပြည်သူ့ကောင်စီ အဆင့်ဆင့်၏ အခြေခံရုံးများ အဖြစ် အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာနရုံး အဆင့်ဆင့်ကို နိုင်ငံတော် ကောင်စီ အောက်သို့ လွှဲပြောင်း ပေးအပ်ရန် ဆုံးဖြတ်ခဲ့ပါသည်။ ဝန်ကြီး အဖွဲ့၏ ၁၈-၃-၁၉၇၇ ရက်စွဲပါ အမိန့် ကြော်ငြာစာ (၃/၇၇)ဖြင့် ၁၉၇၇ ခုနှစ်၊ ဧပြီလ (၁)ရက်နေ့မှ စ၍ အထွေထွေ အုပ်ချုပ်ရေးရုံး အဆင့်ဆင့်သည် ပြည်သူ့ ကောင်စီ အဆင့်ဆင့်၏ အခြေခံရုံးများ အဖြစ် လွှဲပြောင်း ရယူပြီး ပြည်ထဲရေးနှင့် သာသနာရေး ဝန်ကြီး ဌာနတွင် ကျန်ရှိသည့် အထွေထွေ ဌာနခွဲ၊ စည်ပင်သာယာရေး ဌာနခွဲ၊ စာပေစိစစ်ရေးနှင့် မှတ်ပုံတင် ဌာနခွဲများ၏ လုပ်ငန်းများ ဆောင်ရွက်ရန် ၁-၄-၁၉၇၇ရက်နေ့မှ စ၍ အထွေထွေ ဦးစီး ဌာနဟု ပြင်ဆင် ခေါ်ဝေါ် ဖွဲ့စည်းခဲ့ပါသည်။ ၁၈-၉-၁၉၈၈ရက်နေ့တွင် တပ်မတော်က နိုင်ငံတော် အာဏာအရပ်ရပ်ကို တာဝန်ယူခဲ့ပြီး အမိန့် အမှတ်(၁/၈၈)ဖြင့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ကို ဖွဲ့စည်းခဲ့ပါသည်။ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ရုံးမှ ဝန်ထမ်းရာထူး အင်အား(၁၇၄) နေရာနှင့် ယခင် ပြည်နယ်/ တိုင်းနှင့် မြို့နယ် ပြည်သူ့ ကောင်စီရုံးများရှိ ဝန်ထမ်းရာထူး (၂၆၁၄၀)နေရာ၊ စုစုပေါင်း (၂၆၃၁၄)နေရာကို ယင်းရာထူးနေရာ အသီးသီးတွင် တာဝန် ထမ်းဆောင်လျက် ရှိကြသည့် ဝန်ထမ်းများနှင့် အတူ ၁-၁၁-၁၉၈၈ရက် နေ့မှ စ၍ ပြည်ထဲရေး ဝန်ကြီး ဌာန၊ အထွေထွေ ဦးစီး ဌာနသို့ ပြန်လည် လွှဲပြောင်းပေးသည့် အမိန့်ထုတ်ပြန်ခဲ့ပါသည်။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ အဖွဲ့သည် ၁၉၈၈ ခုနှစ်၊ နိုဝင်ဘာလ (၇)ရက်နေ့စွဲပါ အမိန့်ကြော်ငြာစာ အမှတ် (၄/၈၈)ဖြင့် ထုတ်ပြန်၍ ပြည်ထဲရေးနှင့် သာသနာရေး ဝန်ကြီး ဌာန အောက်ရှိ အထွေထွေ ဦးစီး ဌာနကို အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာနဟု ၇-၁၁-၁၉၈၈ ရက်နေ့ မှစ၍ ပြင်ဆင် သတ်မှတ်ခဲ့ပါသည်။ ယင်းကို အစွဲပြု၍ နှစ်စဉ် နိုဝင်ဘာလ ၇ ရက်နေ့ကို အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာန နှစ်ပတ်လည်နေ့ အဖြစ် ကျင်းပလျက် ရှိပါသည်။

နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ ကာလ အုပ်ချုပ်ရေး ပြုပြင်ခြင်း
နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့သည် နိုင်ငံတော်၏ အာဏာအရပ်ရပ်ကို လုံးဝ တာဝန်ယူထားသည့် အားလျော်စွာ ပြည်နယ်/တိုင်းနှင့် မြို့နယ်များတွင် တရားဥပဒေ စိုးမိုးရေး၊ နယ်မြေ အေးချမ်း သာယာရေး၊ လမ်းပန်း ဆက်သွယ်မှု လုံခြုံ ချောမွေ့စေရေး၊ ပြည်သူများ၏ စားဝတ်နေရေး ချောင်လည်စေရေး တို့ကို ဆောင်ရွက်နိုင်ရန် ပြည်နယ်/တိုင်းငြိမ်ဝပ် ပိပြားမှု တည်ဆောက်ရေး အဖွဲ့များကို ကြေညာချက် (၅/၈၈)ဖြင့် ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ရာ ပြည်နယ်/တိုင်း အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာန၊ တိုင်းအထွေထွေ ဦးစီး ဌာနမှူးသည် အဖွဲ့ဝင် အဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့ပါသည်။ နိုင်ငံတော် ငြိမ်ဝပ် ပိပြားမှု တည်ဆောက်ရေး လုပ်ငန်းများ ပိုမို ချောမွေ့ လျှင်မြန်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက် မြို့နယ်စု ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ကို နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက် ရေးအဖွဲ့၏ ကြေညာချက် အမှတ် (၇/၈၈)ဖြင့် ဖွဲ့စည်း တာဝန် ပေးအပ်ခဲ့ပါသည်။ ပြည်နယ်/ တိုင်း ဒုတိယ အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာနမှူးသည် မြို့နယ်စု ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့၏ အဖွဲ့ဝင် ဖြစ်လာပါသည်။ ပြည်ထဲရေး ဝန်ကြီး ဌာန၏ ၁၈-၁၁-၈၉ ရက်စွဲပါ အမိန့် ကြော်ငြာစာ ဖြင့် မြို့နယ်စုရုံး (၅၀) ဖွဲ့စည်း ခဲ့ပါသည်။ ထို့အပြင် မြို့နယ် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့များကို ဥက္ကဌ အဖြစ် တပ်မတော် အရာရှိ၊ အဖွဲ့ဝင်များ အဖြစ် မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာနမှူး၊ မြို့နယ် ပြည်သူ့ ရဲတပ်ဖွဲ့မှူးက ဆောင်ရွက်ပြီး အတွင်းရေးမှူး အဖြစ် ဥက္ကဌမှ တာဝန် ပေးအပ်သူတို့ ပါဝင်၍ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့၏ ကြေညာချက် (၅/၈၈)ဖြင့် ဖွဲ့စည်း တာဝန် ပေးအပ်ခဲ့ပါသည်။ ရပ်ကွက်/ ကျေးရွာ အုပ်စုမှ ကြည်ညို လေးစားသူ အဖွဲ့ဝင်(၃)ဦး၊ ရပ်ကွက်/ ကျေးရွာအုပ်စု အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာနမှ အမှုထမ်း စာရေး (၁)ဦးတို့ ပါဝင်သော ရပ်ကွက်/ ကျေးရွာ အုပ်စု ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ကို နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့၏ ကြေညာချက် (၇/၈၈)ဖြင့် ဖွဲ့စည်း တာဝန် ပေးအပ်ခဲ့ပါသည်။ ထို့နောက် ၁၉၉၂ ခုနှစ်တွင် အနာဂတ်ကာလ စီမံခန့်ခွဲရေး ယန္တရားကို မျှော်မှန်း၍ အုပ်ချုပ်ရေး အဖွဲ့ အစည်းများအား အလေ့အကျင့် ရရှိနိုင်ရန် အလို့ငှာ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့၏ ကြေညာချက် (၁၄/၉၂)ဖြင့် မြို့နယ် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ကို အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာနမှ ဦးစီး အရာရှိများအား ဥက္ကဌ တာဝန် ပေးအပ်၍ ဖွဲ့စည်းခဲ့ပါသည်။ထို့အပြင် ပြည်ထဲရေး ဝန်ကြီး ဌာန၏ ၇-၁၀-၉၂ရက်စွဲပါ အမိန့် ကြော်ငြာစာဖြင့်  မြို့နယ်စု ရုံးများကို ခရိုင်ရုံးများ အဖြစ် ပြောင်းလဲ သတ်မှတ်ခဲ့ပါသည်။ နိုင်ငံတော်တွင် စည်းကမ်း ပြည့်ဝသည့် ဒီမိုကရေစီ စနစ် ဖြစ်ထွန်း ပေါ်ပေါက်လာစေရန်နှင့် အေးချမ်း သာယာပြီး ခေတ်မီ ဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံတော်သစ် အမြန်ဆုံး ဖြစ်ထွန်း တည်ထောင် နိုင်စေရန် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီကို ၁၅-၉-၉၇ ရက်စွဲပါ ကြေညာချက် အမှတ် (၁/၉၇)ဖြင့် ပြင်ဆင် ဖွဲ့စည်းခဲ့ပါသည်။နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီသည် နိုင်ငံတော် တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်း သာယာရေးနှင့် တရားဥပဒေ စိုးမိုးရေး လုပ်ငန်းများကို လည်းကောင်း၊ နိုင်ငံတော် တည်ဆောက်ရေး လုပ်ငန်းများကို လည်းကောင်း အရှိန်အဟုန် မပျက် ဆောင်ရွက်နိုင်ရန်နှင့် နောင်တွင် ကျင့်သုံးမည့် စီမံ ခန့်ခွဲရေး ယန္တရားကို မျှော်မှန်း၍ ပြည်နယ်/ တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ များကို နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ၏ ကြေညာချက် အမှတ် (၂/၂၀၀၆) ဖြင့် ပြင်ဆင်ဖွဲ့စည်း တာဝန် ပေးအပ်ခဲ့ရာ ပြည်နယ်/ တိုင်း အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာနတို့မှ ပြည်နယ်/ တိုင်း အုပ်ချုပ်ရေးမှူးများသည် အဖွဲ့ဝင် အဖြစ်မှ အတွင်းရေးမှူး တာဝန်ကို ပြောင်းလဲ ထမ်းဆောင်ခဲ့ပါသည်။ အလားတူ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ၏ (၂/၂၀၀၆)အရ ခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ် ရေးမှူးများသည် ခရိုင်အေးချမ်း သာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ၊ အတွင်းရေးမှူးတာဝန်ကိုထမ်းဆောင်ရပါသည်။ မြို့နယ်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအဆင့်တွင်မူ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် မြို့နယ်အုပ်ချုပ် ရေးမှူး၊ ဥက္ကဌတာဝန်ကို ထမ်းဆောင်ရပါသည်။ ရပ်ကွက်/ ကျေးရွာ အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီကို ရပ်ကွက်/ကျေးရွာအုပ်စုမှ အများကြည်ညို လေးစားသူ အဖွဲ့ဝင်(၂)အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာနမှ အမှုထမ်း စာရေး (၁)ဦးတို့ဖြင့် ပါဝင် ဖွဲ့စည်း ခဲ့ပါသည်။ ယင်းသို့ ပြင်ဆင် ဖွဲ့စည်းပြီးနောက် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ၏ ကြေညာချက်(၃/၂၀၀၆)ဖြင့် ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာန၊ ခရိုင် အုပ်ချုပ်ရေးမှူးသည် ခရိုင် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ၏ ဥက္ကဌ တာဝန်ကို ထမ်းဆောင်ရပါသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရအဖွဲ့ ကာလ(ယနေ့ခေတ်)
နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံဖြိုးရေးကောင်စီ၏  ၃၀-၃-၂၀၁၁ ရက်စွဲပါ၊ ကြေငြာ ချက် အမှတ်(၆/၂၀၁၁)အရ ပြည်နယ်၊ တိုင်းအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတို့ကို ဖျက်သိမ်းခဲ့ ပါသည်။ ထို့နောက် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အညီ ပေါ်ပေါက်လာသော တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်များတွင် ရွေးချယ် တာဝန်ပေးခံရသည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး ဆိုင်ရာ ပုဂ္ဂိုလ်များကို အာဏာ အပ်နှင်းခဲ့ပါသည်။ ပြည်နယ်၊ တိုင်းဒေသကြီး အဆင့် အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာန ဝန်ထမ်းများသည် တိုင်းဒေသကြီး၊ ပြည်နယ် လွှတ်တော်ရုံး၊ အစိုးရအဖွဲ့ တို့၌ တာဝန် ထမ်းဆောင်လျက်ရှိပါသည်။ တိုင်းဒေသကြီး/ပြည်နယ် အုပ်ချုပ်ရေးမှူးသည် ယင်းအစိုးရ အဖွဲ့တို့၏ အတွင်းရေးမှူး ဖြစ်ပါသည်။ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ၏  ၃၀-၃-၂၀၁၁ ရက်စွဲပါ၊ ကြေငြာ ချက် အမှတ်(၇/၂၀၁၁)အရ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ(၆)ခုရှိ ဦးစီး အဖွဲ့များကို လုပ်ပိုင်ခွင့် အာဏာ အပ်နှင်းပြီး ယင်းဒေသရှိ ခရိုင် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီနှင့် မြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီတို့ကို ဖျက်သိမ်းခဲ့ပါသည်။ ထိုဒေသတွင် ရှိသော အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာန ဝန်ထမ်းများသည် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးရုံးများ တွင် တာဝန် ထမ်းဆောင်လျက် ရှိပါသည်။ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ၏  ၃၀-၃-၂၀၁၁ ရက်စွဲပါ ကြေငြာချက် အမှတ်(၈/၂၀၁၁)ဖြင့် ခရိုင် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီနှင့် မြို့နယ် အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီတို့ကို ဖျက်သိမ်းခဲ့ပါသည်။အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူးသည် ခရိုင် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ၏ လုပ်ငန်းတာဝန်များကို လည်းကောင်း၊ မြို့နယ် အုပ်ချုပ်ရေးမှူးသည် မြို့နယ်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ၏ လုပ်ငန်း တာဝန်များကို ဆောင်ရွက်သည့် အပြင် ခရိုင်အဆင့်နှင့် မြို့နယ် အဆင့်များတွင် စီမံ ခန့်ခွဲရေး ကော်မတီ၊ တည်ငြိမ်အေး ချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး ကော်မတီ ဥက္ကဌ တာ၀န်များကို ထမ်းဆောင်ရပါသည်။

အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာန၏ ရည်မှန်းချက်
အောက်ပါအတိုင်းဖြစ်ပါသည်။

  • တရားဥပဒေ စိုးမိုးရေး၊
  • ရပ်ရွာ အေးချမ်းသာယာရေး၊
  • ဒေသ ဖွံ့ဖြိုးရေး၊
  • ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေး။

အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာန၏ ဆောင်ပုဒ်
အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာန၏ ဆောင်ပုဒ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

  • နိုင်ငံတော် မူဝါဒ လိုက်နာရေး(Policy)
  • အခြေခံ သဘောတရားနှင့် ကိုက်ညီရေး(Principle)
  • လုပ်ထုံးလုပ်နည်းနှင့် အညီ ဖြစ်ရေး (Procedure)

အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာန၏ ကျင့်စဉ်()ရပ်
အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာန၏ ကျင့်စဉ်(၆)ရပ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
ကျယ်ကျယ်ပြန့်ပြန့်စဉ်းစား
အင်တိုက်အားတိုက်လုပ်
မှန်မှန်ကန်ကန်ပြော
ခိုင်ခိုင်မာမာရပ်တည်
ရိုးရိုးသားသားနေထိုင်ပြောဆို
ပြည်သူတွေနှင့် ပြေပြေပြစ်ပြစ် ယဉ်ယဉ်ကျေးကျေး ဆက်ဆံ

တည်ဆောက်ရေးတာဝန်ကြီး()ရပ်
အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာနသည် ခေတ် အဆက်ဆက် အုပ်ချုပ်ရေး ယန္တရားတွင် အဓိက အခန်း ကဏ္ဍမှ ပါဝင် ဆောင်ရွက်လျက် ရှိသဖြင့် ခိုင်မာပြီး ထက်မြက်သည့် ဌာနတစ်ခု ဖြစ်စေရန် အောက်ပါ တည်ဆောက်ရေး တာဝန်ကြီး(၄)ရပ်ကို ချမှတ် ထားပါသည်။

  • စိတ်ဓါတ် တိုးတက် မြင့်မားရေး၊
  • လေ့ကျင့်မှု မပြတ် ဆောင်ရွက်ရေး၊
  • ဝန်ထမ်း သက်သာ ချောင်ချိရေး၊
  • အုပ်ချုပ်မှု စနစ် မှန်ကန်ရေး၊

စံ()ရပ်
တည်ဆောက်ရေး တာဝန်ကြီး(၄)ရပ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုကို အောက်ပါ စံ(၅)ရပ် ဖြင့် တိုင်းတာ ဆောင်ရွက်လျက် ရှိပါသည်။

  • စိတ်ဓါတ် ကောင်းမွန်မှု၊
  • စည်းကမ်း ကောင်းမွန်မှု၊
  • သစ္စာ စောင့်သိမှု
  • စည်းလုံး ညီညွတ်မှု၊
  • စွမ်းရည် ပြည့်ဝမှု၊