ဦးစီးဌာန

အားကစားနှင့် ကာယပညာ ဦးစီး ဌာန

Tue, 01/06/2015 - 09:47
Profile

အားကစား ဝန်ကြီး ဌာန၏ သမိုင်းကြောင်း
၁၉၄၆ ခုနှစ်၊ နိုဝင်ဘာလ (၂၆) ရက်နေ့တွင် မြန်မာပြည် အိုလံပစ် အသင်း(Burma Organization Association) ကို ဖွဲ့စည်းခဲ့ပြီး နာယကများ အဖြစ် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဆာဟူးဘတ်ရန့်တို့က ဆောင်ရွက်ခဲ့ပြီး ပထမဆုံး ဥက္ကဋ္ဌ အဖြစ် ဆာဂျေ အေမောင်ကြီးနှင့် ဒု-ဥက္ကဋ္ဌ အဖြစ် ဦးရာဇတ် တို့က ဆောင်ရွက် ခဲ့ပါသည်။ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ (၉)ရက်နေ့တွင် (B.O.A) သည် အပြည်ပြည် ဆိုင်ရာ အိုလံပစ် ကော်မတီနှင့် ဆက်သွယ်ပြီး၊ ၁၉၄၈ ခုနှစ် (၁၄) ကြိမ်မြောက် လန်ဒန် အိုလံပစ် ပြိုင်ပွဲတွင် ပထမဆုံး အကြိမ် အဖြစ် ဝင်ရောက် ယှဉ်ပြိုင် ခဲ့ပါသည်။ မြန်မာနိုင်ငံ အိုလံပစ် အသင်း အနေဖြင့် အားကစား ပြိုင်ပွဲများကို ဦးဆောင် ကျင်းပခဲ့ပြီး ခရိုင်များ၌လည်း အိုလံပစ် အသင်းခွဲများကို ဖွဲ့စည်း လှုပ်ရှားခဲ့ပါသည်။ နိုင်ငံတော် အစိုးရသည် ၁၉၅၀ ခုနှစ်၊ အောက်တိုဘာလ (၉)ရက်နေ့တွင် အမျိုးသား ကိုယ်လက် ကြံ့ခိုင်ရေး ကောင်စီ အက်ဥပဒေကို ပြဌာန်း ခဲ့ပြီး၊ အမျိုးသား ကိုယ်လက် ကြံ့ခိုင်ရေး ကောင်စီကို ဖွဲ့စည်းပေး ခဲ့ပြီး ဥက္ကဋ္ဌ အဖြစ် ကျန်းမာရေး ဝန်ကြီး ဌာန ဝန်ကြီးက တာဝန်ယူခဲ့ပြီး၊ အားကစားလောက တိုးတက်မှုကို အားပေးသော ပုဂ္ဂိုလ်(၁၅)ဦး ပါဝင်ခဲ့ပါသည်။ လုပ်ငန်းများကို အကောင်အထည် ဖော် ဆောင်ရွက်ရန် အတွက် ညွှန်ကြားရေးမှူး၊ စည်းရုံးရေးမှူးချုပ်၊ အတွင်းရေးမှူး၊ တွဲဘက် အတွင်းရေးမှူးနှင့် ရုံးအဖွဲ့ကို ဖွဲ့စည်း တာ၀န် ပေးအပ်လျှက် အောင်ဆန်း အားကစား ပြိုင်ကွင်းတွင် ရုံးဖွင့် ဆောင်ရွက်ခဲ့ပါသည်။ ပထမဆုံး ညွှန်ကြားရေးမှူးမှာ ဦးမောင်မောင်လေး ဖြစ်၍ စည်းရုံးရေးမှူးချုပ်မှာ ဦးဇော်ဝိတ် ဖြစ်ပါသည်။ အမျိုးသား ကိုယ်လက် ကြံ့ခိုင်ရေး ကောင်စီ လက်ထက် မြန်မာနိုင်ငံတွင် ကျင်းပခဲ့သော အပြည်ပြည် ဆိုင်ရာ အဆင့် အားကစား ပြိုင်ပွဲများမှာ ၁၉၅၇ ခုနှစ်၊ အရှေ့တောင် အာရှ လက်ဝှေ့ ပြိုင်ပွဲနှင့် ၁၉၆၁ ခုနှစ်၊ ဒုတိယအကြိမ် အရှေ့တောင် အာရှ ကျွန်းဆွယ် ပြိုင်ပွဲများ ဖြစ်ပါသည်။ တော်လှန်ရေး ကောင်စီ လက်ထက် ၁၉၆၄ ခုနှစ်၊ မေလ(၂၆)ရက်နေ့ အမျိုးသား ကိုယ်လက်ကြံ့ ခိုင်ရေး ကောင်စီ အက်ဥပဒေကို ရုပ်သိမ်းပြီး၊ ပြည်ထောင်စု မြန်မာနိုင်ငံ အားကစားနှင့် ကာယပညာ ကော်မတီကို ၁၉၆၄ ခုနှစ်၊ မေလ(၂၇)ရက်နေ့တွင် စတင် ဖွဲ့စည်း တာဝန် ပေးအပ်ခဲ့ပါသည်။ ထို့နောက် ၁၉၇၂ ခုနှစ်တွင် အားကစားနှင့် ကာယပညာ ကော်မတီကို ဖျက်သိမ်း၍ အားကစားနှင့် ကာယပညာ ဦးစီး ဌာနကို ဖွဲ့စည်း ဆောင်ရွက်ခဲ့ပါသည်။ အားကစားနှင့် ကာယပညာ ဦးစီး ဌာနကို ၁၉၇၂ခုနှစ်မှစ၍ ကျန်းမာရေးဝန်ကြီးဌာနလက်အောက်တွင် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သည့် အရာထမ်း၊ အမှုထမ်းများနှင့် တာဝန်ယူ ဆောင်ရွက် စေခဲ့ပြီး ဒေသဆိုင်ရာ အားကစားနှင့် ကာယပညာ လုပ်ငန်းများကို အဓိက တာဝန်ယူ ဆောင်ရွက် သွားစေနိုင်ရေး အတွက် ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်များ တွင်လည်း အားကစားနှင့် ကာယပညာ ဦးစီး ဌာန လုပ်ငန်းများကို ဖွဲ့စည်း တာဝန် ပေးအပ်ခဲ့ပြီး ပြည်နယ်/တိုင်း ဦးစီးမှူးများ၊ ခရိုင်/မြို့နယ် ဦးစီးမှူးများကို ခန့်အပ် တာဝန်ပေး ဆောင်ရွက် ပေးခဲ့ပါသည်။ ၁၉၉၃ ခုနှစ်၊ ဇူလိုင်လ(၁)ရက်နေ့မှ စတင်၍ အားကစားနှင့် ကာယပညာ ဦးစီး ဌာနများကို ကျန်းမာရေး ဝန်ကြီး ဌာန လက်အောက်မှ ဝန်ကြီးချုပ်ရုံး လက်အောက်သို့ ပြောင်းရွှေ့ ဖွဲ့စည်း တာဝန် ပေးအပ်ခဲ့ပါသည်။ နိုင်ငံတော်၏ အားကစား အဆင့်အတန်း တိုးတက် မြင့်မားရေးကို ပိုမို ထိရောက် အောင်မြင်စွာ ဆောင်ရွက်နိုင်စေရန် အတွက် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့၏ ၁၉၉၆ ခုနှစ်၊ ဒီဇင်ဘာလ (၁၈)ရက် နေ့စွဲပါ အမိန့်ကြော်ငြာစာ အမှတ်-(၄၀/၉၆)ဖြင့် အားကစား ဝန်ကြီး ဌာနကို ဝန်ကြီး ဌာန တစ်ခု အနေဖြင့် တိုးချဲ့ ဖွဲ့စည်း ပေးခဲ့ပြီး အမိန့်ကြော်ငြာစာ အမှတ်(၇/၉၆)ဖြင့် ဗိုလ်မှူးကြီး စိန်ဝင်းအား အားကစား ဝန်ကြီး ဌာန ဝန်ကြီး အဖြစ် ခန့်အပ် တာဝန် ပေးအပ်ခဲ့ပါသည်။ ၁၉၉၉ ခုနှစ်၊ အောက်တိုဘာလ (၂၉)ရက်နေ့တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ကြေငြာချက် အမှတ် (၃/၉၉)ဖြင့် ဗိုလ်မှူးချုပ် သူရ အေးမြင့်အား အားကစား ဝန်ကြီး ဌာန ဝန်ကြီး အဖြစ် ပြောင်းလဲ ခန့်အပ် တာဝန် ပေးအပ်ခဲ့ပါသည်။ အားကစား ဝန်ကြီး ဌာန ဝန်ကြီးရုံးကို ၁၉၉၇ ခုနှစ်၊ ဧပြီလ(၂၃)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ အစည်း အဝေး အမှတ်စဉ် (၁၆/၉၇)မှ ဖွဲ့စည်း ဆောင်ရွက်သွားရန် အတည်ပြု ဆုံးဖြတ် ပေးခဲ့ပါသည်။ ယခုအခါ အားကစား ဝန်ကြီး ဌာန တာဝန်များကို ပြည်ထောင်စု ဝန်ကြီး ဦးတင့်ဆန်းမှ တာဝန်ယူ ဆောင်ရွက်လျှက် ရှိပါသည်။

အားကစား ဝန်ကြီး ဌာန၏ ဖွဲ့စည်းရခြင်း ရည်ရွယ်ချက် (၃)ရပ်

  • မြန်မာ့အားကစား အဆင့်အတန်း တိုးတက်မြင့်မား လာစေရန်။
  • နိုင်ငံတကာ ကစားသမားများတွင် အဆင့်မှီ အရည်အသွေး ရှိသော ထူးချွန် အောင်မြင်သည့် အားကစားသမားများ ပေါ်ထွက်လာစေရန်။
  • နိုင်ငံတကာ အားကစား ပြိုင်ပွဲများတွင် မြန်မာ့အားကစား အောင်မြင်မှု ရရှိစေရန်။                    

ပဒေသာ အားကစားကွင်း၊ သုမင်္ဂလာလမ်း၊ (၁၀)ရပ်ကွက်၊ တောင်ဥက္ကလာပ မြို့နယ်။