ဦးစီးဌာန

မီးသတ် ဦးစီး ဌာန

Tue, 01/20/2015 - 13:32
Profile

ဌာန သမိုင်းကြောင်း
စိန့်ပေါလ်နှင့် စိန့်ဂျွန်း အထက်တန်းကျောင်း တို့မှ ကျောင်းသားများ ပါဝင် လုပ်အား ပေးသော ရန်ကုန်၏ ပထမဆုံး မီးသတ် တပ်ဖွဲ့ကို ၁၈၈၃ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။ ယခင်က မီးငြိမ်းသတ်ရာတွင် လူအားဖြင့် ရေငင်ခဲ့ရာမှ မြင်းဖြင့် ဆွဲသော ရေနွေးငွေ့သုံး အင်ဂျင်ဖြင့် မီးငြိမ်းသတ်သည့် စနစ်ကို ထိုနှစ်မှာပင် ပြောင်းလဲ အသုံးပြုခဲ့သည်။ ၁၈၉၀ မတိုင်မီထိ ရန်ကုန်မြို့တွင် အဆောက်အအုံများကို ဝါး၊ သစ်သား တို့ဖြင့် အများဆုံး ဆောက်လုပ်ခဲ့ကြရာ မီးလောင်မှုများ တောက်လျှောက် ကြုံတွေ့ခဲ့ရပြီး ဆုံးရှုံးမှု ကြီးမားခဲ့သည်။ မီးလောင်လွယ်သော ပစ္စည်းများဖြင့် ဆောက်လုပ်ထားပြီး ရေရှားပါးသည့် ရပ်ကွက်များတွင် မီးလောင်မှုများမှာ အဆိုးရွားဆုံး ဖြစ်သည်။ ၁၈၉၀ နောက်ပိုင်းတွင် ရေပေးဝေမှု ပိုမိုကောင်းမွန်လာပြီး အုတ်အဆောက်အအုံများ ပေါ်ပေါက်လာခြင်း ကြောင့်လည်း မီးလောင်မှုကြီးများ လျော့ကျခဲ့သည်။ ၁၈၉၆ ခုနှစ်တွင် လုပ်အားပေး မီးသတ် တပ်ဖွဲ့အား ကျွမ်းကျင်သော မီးသတ်သမားများဖြင့် ဖွဲ့စည်းထားသော အချိန့်ပြည့် လခစား မီးသတ် တပ်ဖွဲ့ဖြင့် အစားထိုးခဲ့သည်။ ၁၉၁၁ ခုနှစ်တွင် မြူနီစပါယ် အဖွဲ့က မီးသတ်စခန်း တစ်ခု ဆောက်လုပ်ရန် ရည်ရွယ်ပြီး ဆူးလေ ဘုရားလမ်း ပေါ်ရှိ မြေကွက် တစ်ကွက်အား တန်ဖိုးရူပီး ၄၀၀၀၀ ဖြင့် ဝယ်ယူခဲ့သည်။ အက်ဒွပ်ခေတ် ဗိသုကာ လက်ရာ ကောင်းတစ်ခု ဖြစ်ပြီး ပေ ၁၀၀ မျှော်စင်ကြီး ပါရှိသော မီးသတ် အဆောက်အအုံကို ၁၉၁၂ ခုနှစ်တွင် ဆောက်လုပ် ပြီးစီးခဲ့သည်။ ထိုမျှော်စင်သည် သုံးထပ်ထက် မပိုသော အဆောက်အအုံများသာ ရှိသည့် ထိုခေတ်က ရန်ကုန်မြို့ကို စီးမိုး မြင်နိုင်သော အမြင့်ဆုံး အဆောက်အအုံ ဖြစ်ခဲ့သည်။ ယခု အဆောက်အအုံသည် မြန်မာနိုင်ငံတွင် မြင်းဖြင့် ဆွဲသော အင်ဂျင်များအား ဓါတ်ဆီ (သို့မဟုတ်) ရေနွေးငွေ့ အင်ဂျင်များဖြင့် အစားထိုး ပြောင်းလဲခဲ့သော ပထမဆုံး မီးသတ်စခန်းလည်း ဖြစ်သည်။ ၁၉၁၇ ခုနှစ်တွင် ဗဟို မီးသတ်စခန်း အတွက် နေရာထိုင်ခင်း ပိုမို လိုအပ်လာခြင်းကြောင့် ဘေးကပ်လျက်တွင် တည်ရှိသော ဟံသာဝတီ ပုံနှိပ်တိုက် နေရာကို ရူပီးငွေ နှစ်သိန်းဖြင့် ပေးချေကာ ဝယ်ယူရန် ဖြစ်လာခဲ့သည်။ ယနေ့ အခါတွင် အဆိုပါ မီးသတ်စခန်း အဆောက်အအုံသည် ရန်ကုန်မြို့တွင် မူလ အသုံးပြုသည့် ပုံစံအတိုင်း ဆက်လက် အသုံးပြုနေဆဲ ဖြစ်သည့် သက်တမ်း အရှည်ဆုံး အဆောက်အအုံ တစ်လုံး အဖြစ် တည်ရှိနေသည့် အတွက် မြို့ပြ အမွေအနှစ် ထိန်းသိမ်းရေး အဖွဲ့မှ (၁၆၊၁၀၊၂၀၁၄) ရက်နေ့တွင် ရန်ကုန်မြို့ပြ အမွေအနှစ် အပြာရောင် ကမ္ဗည်းမော်ကွန်း ကြေးပြား တပ်ဆင်ခဲ့ပါသည်။

ဌာန၏ ရည်ရွယ်ချက်
မီးသတ် ဦးစီး ဌာနသည် ပြည်သူလူထု၏ အသက်အိုးအိမ် ပစ္စည်းများ၊ နိုင်ငံတော် အတွင်းရှိ ကုန်ထုတ် အရင်းအနှီးများကို မီးဘေး အန္တရာယ်မှ ကာကွယ်ရေး လုပ်ငန်းစဉ်နှင့် သဘာဝ ဘေးအန္တရာယ် အပါအဝင် အခြားသော ဘေးအန္တရာယ်များ ကျရောက်သည့် အခါ အရေးပေါ်ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်ရန် ဖြစ်ပါသည်။

အမှတ်၁၂၉၊ ဆူးလေ ဘုရားလမ်း၊ ကျောက်တံတားမြို့နယ်။