ဦးစီးဌာန

အမှတ်(၂) လုံခြုံရေး ရဲကွပ်ကဲမှု အဖွဲ့မှူးရုံး

Mon, 05/04/2015 - 10:26
Profile

သမိုင်းကြောင်း
၁၉၇၄ ခုနှစ်တွင် နိုင်ငံတော် ကောင်စီ၏ ခွင့်ပြုချက် အရ လုံခြုံမှု ထိန်းသိမ်းရေး တပ်ရင်း (၁)ရင်း စတင် ဖွဲ့စည်းခဲ့ပြီး ၁၉၇၉ ခုနှစ်တွင် တပ်ရင်း (၆)ရင်းထိ ဖွဲ့စည်းခဲ့ပြီး ဖြစ်သည်။

ယာယီ ကွပ်ကဲမှုရုံး ဖွဲ့စည်း တာဝန် ပေးအပ်ခြင်း
လုံခြုံမှု ထိန်းသိမ်းရေး တပ်ရင်း (၆)ရင်းအား ဖွင့်လှစ်ခဲ့ပြီးနောက် လုပ်ငန်း လမ်းညွှန်ချက်များ အား ထိုစဉ်က ပြည်ထဲရေးနှင့် သာသနာရေး ဝန်ကြီး ဌာနမှ ချမှတ်ပေးပြီး ကွပ်ကဲ အုပ်ချုပ်မှု တာဝန်များ အား ပြည်သူ့ ရဲတပ်ဖွဲ့ ဌာနချုပ်မှ တာဝန်ယူ ဆောင်ရွက်ခဲ့ပါသည်။ ၁၉၈၂ ခုနှစ်၊ စက်တင်ဘာလ(၁)ရက် နေ့မှစ၍ ပြည်ထဲရေးနှင့် သာသနာရေး ဝန်ကြီး ဌာနမှ ညွန်ကြားချက် ၁/၈၅ ထုတ်ပြန်၍ ယာယီ လုံခြုံရေး တပ်ရင်းများ ကွပ်ကဲမှုရုံးကို ဖွဲ့စည်း ပေးခဲ့ပါသည်။ ၎င်းကွပ်ကဲမှု အဖွဲ့အား လုံခြုံမှု ထိန်းသိမ်းရေး တပ်ရင်းများ၏ ဦး/ရေး/ထောက်ပိုင်း ဆိုင်ရာ မူဝါဒများအား အကောင်အထည်ဖော် ဆောင်ရွက် စေခဲ့ပါသည်။ ကွပ်ကဲရေးမှူး တာဝန် သီးခြား ပေးအပ်ခြင်း မရှိသော်လည်း ထိုအချိန်က ရဲထောက်ချုပ် ဖြစ်သူ ရဲမှူးချုပ် ဖုန်းမြင့်အား ကွပ်ကဲရေးမှူး တာဝန် တွဲဖက်စေခဲ့ပါသည်။ ၁၉၈၈ ခုနှစ်အထိ လုံခြုံမှု ထိန်းသိမ်းရေး တပ်ရင်း(၉)ရင်း အထိ တိုးချဲ့ ဖွဲ့စည်းခဲ့ပါသည်။ 

ကွပ်ကဲမှု အဖွဲ့မှူးရုံး ဖွဲ့စည်းခြင်း
၁၉၈၈ ခုနှစ်၊ အရေးအခင်း ပြီးစ အခြေအနေ ငြိမ်သက်မှု မရှိသေးသည့် ကာလ အတွင်း ရဲတပ်ရင်း (၉)ရင်း ဖွဲ့စည်းခဲ့ပြီး အရေးခင်း ကာလ အတွင်း ရဲတပ်ရင်းများအား ထိန်းသိမ်း ကွပ်ကဲ ကြပ်မတ်မှု မရှိ၍ အုပ်ချုပ်မှုပိုင်း အားနည်းချက်များပါ တွေ့ရှိခဲ့ရသည့်အတွက် ရဲတပ်ရင်းများ၏ ဦး/ရေး/ထောက် လုပ်ငန်း များအပေါ် လမ်းညွန်မှု၊ မူဝါဒ ပေးမှုနှင့် တပ်ရင်းများအား ပီပီပြင်ပြင် ကွပ်ကဲ အုပ်ချုပ်နိုင်ရန် အတွက် ပြည်ထဲရေးနှင့် သာသနာရေး ဝန်ကြီး ဌာနသည် ကာကွယ်ရေး ဝန်ကြီး ဌာန၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)တို့နှင့် တင်ပြ ညှိနှိုင်းခဲ့ပြီး တပ်မတော်မှ ဗျုဟာမှူး အဆင့် အရာရှိကြီးနှင့် တပ်ရင်းမှူး၊ စစ်ဦးစီးမှူး (ဒုတိယတန်း)၊(တတိယတန်း)အရာရှိများအား ရွေးချယ်၍ ပြည်သူ့ ရဲတပ်ရင်းများ ကွပ်ကဲမှု အဖွဲ့မှူးရုံးအား ဖွဲ့စည်းခဲ့ပါသည်။

ရဲတပ်ရင်းများ ကွပ်ကဲမှု အဖွဲ့မှူးရုံး၊ ရဲတပ်ရင်းစု ကွပ်ကဲမှုရုံးများနှင့် ရဲတပ်ရင်းများ ဖွဲ့စည်းခြင်း
၃ဝ.၃.၂ဝ၁၁ ရက်နေ့တွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရ တက်လာပြီး နောက် ရဲတပ်ရင်းများကွပ်ကဲမှုအဖွဲ့မှူးရုံး(၄)ရုံးအား ဖွဲ့စည်းခဲ့ ပါသည်။ အမှတ်(၁) ရဲတပ်ရင်းများ ကွပ်ကဲမှု အဖွဲ့မှူးရုံးအား နေပြည်တော်တွင် လည်းကောင်း၊ အမှတ်(၂) ရဲတပ်ရင်းများ ကွပ်ကဲမှုအဖွဲ့မှူးရုံးအား ရန်ကုန်တွင် လည်းကောင်း၊ အမှတ်(၃) ရဲတပ်ရင်းများ ကွပ်ကဲမှု အဖွဲ့မှူးရုံးအား မန္တလေးတွင် လည်းကောင်း၊ အမှတ်(၄) ရဲတပ်ရင်းများ ကွပ်ကဲမှု အဖွဲ့မှူးရုံးအား  စစ်တွေတွင် လည်းကောင်း အသီးသီး ဖွဲ့စည်း ထားရှိပြီး ၎င်း ကွပ်ကဲမှု အဖွဲ့မှူးရုံး (၄)ရုံး၏ အောက်တွင် ရဲတပ်ရင်းစု ကွပ်ကဲမှု အဖွဲ့မှူးရုံး (၉)ရုံးနှင့် ရဲတပ်ရင်း(၄ဝ)ရင်း ဖွဲ့စည်းထားရှိပါသည်။ ရကဖ(၂) ရုံးမှာ ရင်းစု(၃)ရုံးနှင့် တပ်ရင်း(၈)ရင်းဖြင့် တာဝန် ထမ်းဆောင်လျှက် ရှိပါသည်။ယခုအခါ ရဲတပ်ရင်းများ ကွပ်ကဲမှုအဖွဲ့မှူးရုံးကို လုံခြုံရေး ရဲကွပ်ကဲမှု အဖွဲ့မှူးရုံးဟု လည်းကောင်း၊ ရင်းစု ကွပ်ကဲမှုရုံးကို လုံခြုံရေး ရဲကွပ်ကဲမှု အဖွဲ့ခွဲမှူးရုံးဟု လည်းကောင်း၊ ရဲတပ်ရင်းများကို လုံခြုံရေး ရဲတပ်ဖွဲ့ခွဲဟု လည်းကောင်း ခေါ်ဆို သုံးစွဲပါသည်။

ဌာန ရည်မှန်းချက် တာဝန်
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရည်မှန်းချက် တာဝန်

  • ပြည်တွင်း လုံခြုံရေးနှင့် ရပ်ရွာ အေးချမ်း သာယာရေး။
  • တရားဥပဒေ စိုးမိုးရေး။
  • မူးယစ်ဆေးဝါး အန္တရာယ် တားဆီး ကာကွယ်ရေး။
  • ပြည်သူ့ အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ရေး။

လုံခြုံရေး တပ်ဖွဲ့ခွဲများ၏ ရည်မှန်းချက် တာဝန်

  • ဆူပူ အကြမ်းဖက်မှုနှင့် အဓိကရုဏ်း နှိမ်နင်းရေး။
  • အရေးကြီး အဆောက်အဦး၊ အရေးကြီး ပုဂ္ဂိုလ်နှင့် နိုင်ငံခြား သံရုံး၊ သံတမန်များ လုံခြုံရေး။
  • ပြည်သူ့ အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ရေး။

လုံခြုံရေး တပ်ဖွဲ့ခွဲများ၏ လုပ်ငန်း တာဝန်များ

  • နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်း သာယာရေး။
  • ဆူပူ အကြမ်းဖက်မှု တားဆီး နှိမ်နင်းခြင်း။
  • သံရုံး၊ သံတမန်များ လုံခြုံရေး ဆောင်ရွက်ခြင်း။
  • အရေးကြီး ပုဂ္ဂိုလ် လမ်းကြောင်း၊ လုံခြုံရေး ဆောင်ရွက်ခြင်း။
  • နိုင်ငံတော် အဆင့် အခမ်းအနားများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်မှ ညွန်ကြားသည့် လုံခြုံရေး ကိစ္စရပ်များ ဆောင်ရွက်ခြင်း။

အမှတ်(၂) လုံခြုံရေး ရဲကွပ်ကဲမှု အဖွဲ့မှူးရုံး
ပြည်ထဲရေး ဝန်ကြီး ရုံးဟောင်း၊ စက်မှု(၁)လမ်းနှင့် ဆရာစံလမ်းထောင့်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။