သတင်းနှင့်ပြန်ကြားရေး

လျှပ်စစ်ဓါတ်အားခ နှုန်းထားများ တိုးမြှင့် ကောက်ခံခြင်း

Thu, 03/20/2014 - 12:10

နေပြည်တော်၊ မတ် ၁၉
ပြည်ထောင်စု လွှတ်တော် နဝမ ပုံမှန် အစည်းအဝေး (၂၅)ရက်မြောက်နေ့ကို နံနက် ၁၀နာရီတွင် ကျင်းပခဲ့သည်။ အစည်းအဝေးတွင် နိုင်ငံတော် သမ္မတထံမှ ပေးပို့သော လျှပ်စစ် ဓါတ်အားခ နှုန်းထားများ တိုးမြှင့် ကောက်ခံရေးနှင့် စပ်လျဉ်း၍ ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့သည်။ ယခု ကောက်ခံမည့် နှုန်းထားများမှာ အိမ်သုံး ၁၀၀ ယူနစ် အထိ ၃၅ ကျပ်၊ အိမ်သုံး ၁၀၁ ယူနစ်မှ ၂၀၀ ယူနစ်အထိ ၄၀ကျပ်၊ အိမ်သုံး ၂၀၁ ယူနစ်မှ အထက် ၅၀ကျပ်၊ စက်မှုသုံး ၅၀၀ ယူနစ် အထိ ၇၅ကျပ်၊ စက်မှုသုံး ၅၀၁ ယူနစ်မှ ၁၀၀၀၀ ယူနစ် အထိ ၁၀၀ကျပ်၊ စက်မှုသုံး ၁၀၀၀၁ ယူနစ်မှ ၅၀၀၀၀ ယူနစ်အထိ ၁၂၅ကျပ်၊ စက်မှုသုံး ၅၀၀၀၁ ယူနစ်မှ ၂၀၀၀၀၀ ယူနစ် အထိ ၁၅၀ကျပ်၊ စက်မှုသုံး ၂၀၀၀၀၁ ယူနစ်မှ ၃၀၀၀၀၀ ယူနစ် အထိ ၁၂၅ကျပ်၊ စက်မှုသုံး ၃၀၀၀၀၀ ယူနစ် အထက်၁၀၀ကျပ်နှုန်း ဖြစ်ကြောင်း သိရသည်။ ပြည်ထောင်စု ဝန်ကြီးဌာန အသီးသီးနှင့် သက်ဆိုင်သော နိုင်ငံပိုင် စီးပွားရေး အဖွဲ့အစည်းများ၏ ရငွေ သုံးငွေ အပါ အဝင် နှစ်အလိုက် လျော့ချ ဆောင်ရွက်မည့် လုပ်ငန်း စီမံချက် အခြေအနေများနှင့် စပ်လျဉ်း၍ ပြည်ထောင်စု ဝန်ကြီးဌာနများ က ဆွေးနွေး တင်ပြ ခဲ့ကြသည်။ လျှပ်စစ် စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်စိုးက ဝန်ကြီးဌာန၏ ၂၀၁၄ -၂၀၁၅ ဘဏ္ဍာရေးနှစ် သာမန် အသုံးစရိတ် လျာထားချက် ငွေကျပ် (၁၅၃၈ ဒသမ ၂၃၇)ဘီလီယံတွင် လုပ်ငန်း ရင်းနှီးငွေ (Working Capital) မှ ကျခံ သုံးစွဲမည့် အသုံးစရိတ် ငွေကျပ် (၁၂၅၀ ဒသမ ၁၈၇) ဘီလီယံ ရှိပြီး ပြည်ထောင်စု ဘဏ္ဍာ ရန်ပုံ ငွေမှ ကျခံသုံးစွဲမည့် အသုံးစရိတ် ငွေကျပ် (၂၈၈ ဒသမ ၀၅၀) ဘီလီယံသာ ရှိပါကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန အောက်တွင် လျှပ်စစ်ဓါတ်အား ထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်းနှင့် ဖြန့်ဖြူးခြင်း လုပ်ငန်းအသီးသီးကို တာဝန်ယူ ဆောင်ရွက် နေ သော နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့အစည်းများအနက် တစ်နိုင်ငံလုံး လျှပ်စစ်ဓါတ်အား၏ တစ်ဝက်ခန့်သုံးစွဲနေသော ရန်ကုန်မြို့၏ Distribution System ကို တာဝန် ယူထားသော ရန်ကုန်မြို့တော်  လျှပ်စစ်ဓါတ်အားပေးရေး အဖွဲ့အား Corporation အသွင် ဖွဲ့စည်း သွားနိုင်ရေး အတွက် ကမ္ဘာ့ဘဏ် အုပ်စု ဝင်ဖြစ်သော Internation Finance Corporation ၏ ပူးပေါင်း ကူညီမှုဖြင့် ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း ကျန်ဒေသများ၏ Distribution System များတွင်လည်း စီးပွားရေးဆန်ဆန် လုပ်ကိုင် ဆောင်ရွက်နိုင်ရန်  ပြင်ဆင် ဖွဲ့စည်းသွားမည် ဖြစ်ပါကြောင်း အကုန်အကျ သက်သာစွာဖြင့် တည်ငြိမ် ပြည့်ဝသော လျှပ်စစ်ဓါတ်အားကို သုံးစွဲနိုင်ကြရန်တို့အတွက် စီးပွားရေး အရ ရေရှည် ရပ်တည်နိုင်မည့် Public Privade Partnership ပုံစံသို့ ဦးတည် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းဖြင့် ရှင်းလင်း တင်ပြခဲ့သည်။
သတ္တုတွင်း ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်အောင်က နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့အစည်း များ၏ ကုန်ကြမ်း ဝယ်ယူခြင်း နိုင်ငံတော်သို့ ဝင်ငွေခွန်နှင့် ထည့်ဝင်ငွေများ ပေးဆောင်ခြင်း တို့အတွက် လုပ်ငန်းသုံး ရင်းနှီးငွေမှ ကျခံ သုံးစွဲပါကြောင်း နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့အစည်းများ၏ ဝန်ထမ်း လစာစရိတ် ပင်စင် အပါအဝင် ကျန်အသုံးစရိတ်များ ငွေလုံး ငွေရင်း အသုံးစရိတ်များ ဦးစီးဌာနများ၏ ဝန်ထမ်း လစာစရိတ် အပါအဝင် ကျန်အသုံးစရိတ်များ ငွေလုံးငွေရင်း အသုံး စရိတ်များကို ပြည်ထောင်စု ဘဏ္ဍ ရန်ပုံငွေမှ ကျခံသုံးစွဲပါကြောင်း အသုံးစရိတ်များ ဆိုရာတွင် ဘဏ္ဍရေး ဆိုင်ရာ စည်းမျဉ်းများ နှင့်အညီ သာမာန် အသုံးစရိတ်များကို ကုန်ပစ္စည်း ဝယ်ယူခြင်း နေ့စဉ် လုပ်ငန်း ဆောင်တာ ကိစ္စရပ်များ ဆောင်ရွက်ရာ၌ ကုန်ကျသည့် စရိတ်များ ပေးချေခြင်း ပုံသေပိုင် ပစ္စည်းများကို ပြင်ဆင် ထိန်းသိမ်းရာ၌ ကုန်ကျသည့် စရိတ်များ ပေးချေခြင်း တို့အတွက် သုံးစွဲပါကြောင်း ငွေလုံး ငွေရင်း အသုံးစရိတ်များကို ပုံသေပိုင် ပစ္စည်းများ ဝယ်ယူခြင်း၊ တည်ဆောက်ခြင်း၊ တိုးချဲ့ ခြင်း၊ အစားထိုးခြင်း ဆိုင်ရာ ကိစ္စရပ်များ အတွက် သုံးစွဲပြီး နှစ်စဉ် တန်ဖိုးလျော့ စရိတ်ကျခံလျက် ရှိပါကြောင်း ၂၀၁၄-၂၀၁၅ ခုနှစ် ဘဏ္ဍာရေးနှစ် ရငွေနှင့် အသုံးစရိတ် လျာထားချက် ငွေသားစာရင်း အရ သတ္တုတွင်း ဝန်ကြီးဌာနရှိ နိုင်ငံပိုင် စီးပွားရေး အဖွဲ့အစည်း (၆)ခုအနက် အမှတ်(၁) သတ္တုတွင်း လုပ်ငန်း မြန်မာ့ဆားနှင့် အဏ္ဏဝါဓါတု ပစ္စည်း ထုတ်လုပ်ရေးနှင့် ရောင်းဝယ် ရေးလုပ်ငန်း အဖွဲ့အစည်း(၂)ခုမှာ လိုငွေ ဖြစ်ပေါ်နေသည်ကို တွေ့ရှိ ရပါကြောင်း အမှတ်(၁)သတ္တုတွင်း လုပ်ငန်း အနေဖြင့် လျာထားချက် အရ သာမန် ရငွေကျပ် ၃၆၈၀ ဒသမ ၉၈၀သန်း၊ သာမန် အသုံးစရိတ် ကျပ် ၅၅၆၁ ဒသမ ၂၀၄သန်း၊ ငွေလုံး ငွေရင်း အသုံးစရိတ်မှာ ငွေကျပ် ၆ ဒသမ ၃၂၃သန်း ဖြစ်သည့် အတွက် အသုံးစရိတ် နှစ်ရပ်ပေါင်းမှာ ငွေကျပ် ၅၅၆၇ ဒသမ ၅၂၇သန်း ဖြစ်ပါကြောင်း လိုငွေကျပ် ၁၈၈၆ ဒသမ ၅၄၇သန်း ဖြစ်ပေါ်နေပါကြောင်း အမှတ်(၁) သတ္တုတွင်း လုပ်ငန်း သာမန် အသုံးစရိတ် လျာထားချက်တွင် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် အတွက် နိုင်ငံတော်သို့ ပေးရန်ရှိ ဝင်ငွေနှင့် ထည့်ဝင်ငွေကျပ် ၃၄၃၃ ဒသမ ၉၇၁သန်း ပါဝင်ပါကြောင်း ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်၏ ရငွေများ အားလုံးကို နိုင်ငံတော်သို့ ပေးသွင်းပြီး အသုံးစရိတ် များကိုလည်း နိုင်ငံတော်က တာဝန်ယူသဖြင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် နှစ်ချုပ် စာရင်း အရ ပြုပြင်ပြီး လျာထားချက်ထက် ပိုမို မြတ်စွန်းသည့် အတွက် နိုင်ငံတော်သို့ ထပ်မံ ပေးဆောင်ရန် ပေးရန်ရှိ ဖြစ်ပေါ်နေသည့် ဝင်ငွေခွန်နှင့် ထည့်ဝင်ငွေ ကျပ် ၃၄၃၃ ဒသမ ၉၇၁သန်းကို ပြန်လည် တောင်းခံထားခြင်း ဖြစ်ပြီး ဌာန၏ အသုံးစရိတ် အနေဖြင့် ပါဝင်ခြင်း မရှိပါကြောင်း သို့ဖြစ်၍ အမှတ်(၁) သတ္တုတွင်း လုပ်ငန်း၏ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ရငွေကျပ်၃၆၈၀ ဒသမ ၉၈၀သန်း ရှိမည်ဖြစ်ပါကြောင်း အမှတ် (၁)သတ္တုတွင်း လုပ်ငန်းအနေဖြင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွက် အမြတ်ငွေမှ ဝင်ငွေခွန်နှင့် နိုင်ငံတော်သို့ ထည့်ဝင်ငွေ ပေး ဆောင်ရန်အတွက် ကျပ်၁၂၅ ဒသမ ၃၀၈သန်းကိုလည်း လျာထားပြီး ဖြစ်ပါကြောင်းဖြင့် ရှင်းလင်း တင်ပြ ခဲ့သည်။ အလားတူ ပြန်ကြားရေး ဝန်ကြီးဌာန၊ ဘဏ္ဍာရေး ဝန်ကြီးဌာန၊ သမဝါယမ ဝန်ကြီးဌာန၊ ဆက်သွယ်ရေး သတင်း အချက်အလက်နှင့် နည်းပညာ ဝန်ကြီးဌာန၊ ပို့ဆောင်ရေး ဝန်ကြီးဌာန၊ စက်မှု ဝန်ကြီးဌာန၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ရထား ပို့ဆောင်ရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို့မှ တာဝန်ရှိသူများက ၎င်းတို့ ဌာန အလိုက် နိုင်ငံပိုင် စီးပွားရေး အဖွဲ့အစည်း များ၏ ရငွေ သုံးငွေ အပါအဝင် နှစ်အလိုက် လျော့ချ ဆောင်ရွက်မည့် လုပ်ငန်းစီမံချက် အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြခဲ့ကြသည်။

သတင်းများ