သတင်းနှင့်ပြန်ကြားရေး

eYangon စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မှု စတင်

Tue, 10/15/2013 - 21:42

eYangon စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မှုကို စတင် လိုက်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ကွန်ပျူတာ ပညာရှင် အသင်း ဥက္ကဋ္ဌ ဦးမင်းဦးကပြောသည်။

အဆိုပါ စီမံကိန်းကို ၂၀၁၂ ခုနှစ် ကတည်းက အစပျိုးခဲ့ခြင်းဖြစ်ပြီး ယခုအခါ eYangon ဖြစ်မြောက်ရေး ကော်မတီကို ဖွဲ့စည်းပြီးဖြစ်ကြောင်း၊ eYangon စီမံကိန်း အတွက် ရုံးခန်းကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ရုံးစိုက်ရာ လွှတ်တော် အဆောက်အအုံ၊ အခန်း(၂၁၉) တွင် ဖွင့်လှစ်ပြီးဖြစ်ကာ လုပ်ငန်းများ စတင် ဆောင်ရွက်တော့မည်ဖြစ်ကြောင်း သိရသည်။ ၃၀.၉.၂၀၁၃ ရက်နေ့မှ စတင်ကာ ရုံးခန်းထိုင်၍ လုပ်ငန်း ဆောင်တာများကို စတင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

eYangon စီမံကိန်းကို Web Portal တစ်ခု တည်ဆောက်ကာ စတင် အကောင်အထည်ဖော် သွားမည်ဖြစ်ကြောင်း၊ အဆိုပါ Web Portal အသုံးပြု၍ အများပြည်သူ အတွက် အခွင့်အလမ်းများ ဖန်တီး ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ “ Web Portal အနေနဲ့ ရန်ကုန်တိုင်း ဒေသကြီး အောက်မှာရှိတဲ့ အစိုးရဌာန တွေမှာရှိတဲ့ ဝန်ဆောင်မှုတွေ၊ သတင်း အချက်အလက်တွေ ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်။ အဲ့ဒီအဆင့်နဲ့ စတင် ဆောင်ရွက်သွားမယ်။ အဲ့ဒါပြီးမှ ဘာတွေ ထပ်လိုမလဲ။ ဌာနဆိုင်ရာ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး ဝန်ဆောင်မှု တွေကို အွန်လိုင်း ပေါ်က ဆောင်ရွက်နိုင်တာမျိုး၊ တစ်ဆင့်ချင်း၊ တဖြည်းဖြည်းချင်း ဆောင်ရွက်သွားမယ်” ဟု ဦးမင်းဦးက ပြောသည်။ မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်နှင့် ကွန်ပျူတာ အသင်းများက အောက်တိုဘာလ ၁၇ ရက်နေ့တွင် တပ်မတော် ခန်းမ၌ ကြီးမှူးကျင်းပမည့် International ICT Exhibition ဖွင့်ပွဲ အခမ်းအနားတွင် Web Portal အား Soft Launch ပြုလုပ်နိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ Web Portal ၏ လိပ်စာမှာ www. eyangon.gov.mm ဖြစ်ပြီး အဆိုပါနေ့၌ ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။

 “ရန်ကုန်တိုင်း ဒေသကြီး ကွန်ပျူတာ ပညာရှင်အသင်းနဲ့ ရန်ကုန်တိုင်း ဒေသကြီး ကွန်ပျူတာ လုပ်ငန်းရှင် အသင်းတွေက နေပြီးတော့ လုပ်ငန်းတွေ စတင်ဖို့ အတွက် ဝင်ရောက် ကူညီပေးတာဖြစ်ပါတယ်။ ကာလ အပိုင်းအခြား တစ်ခု အထိပဲ ရုံးခန်း ထိုင်သွားမှာဖြစ်တယ်။ စီမံကိန်း ကာလ ပြီးသွားရင် သက်ဆိုင်ရာ တိုင်းဒေသကြီးကို လွှဲပြောင်း ပေးအပ်သွားမှာပါ” ဟု ဦးမင်းဦးက ပြောသည်။ eYangon ဖြစ်မြောက်ရေး ကော်မတီကို ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်က ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ကာ အဖွဲ့ဝင် ၂၀ ကျော်ဖြင့် စတင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ အဆိုပါ စီမံကိန်းကို အဆင့်သုံးဆင့်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်သည်။ ပထမအဆင့်မှာ ပြည်သူများအား ဝန်ဆောင်မှု ပေးနေသည့် ရန်ကုန်တိုင်း ဒေသကြီး အစိုးရ၏ လက်အောက်ရုံးများ၊ ဦးစီးဌာနများ၊ လုပ်ငန်းဌာန အသီးသီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတို့၏ သတင်း အချက်အလက်များကို Web Portal မှတစ်ဆင့် ပြည်သူများ လွယ်လင့်တကူ ကိုးကား သုံးစွဲနိုင်ရန် ပြင်ဆင်ထားမည် ဖြစ်ကြောင်း သိရသည်။ ဒုတိယအဆင့် အနေဖြင့် သတင်း အချက်အလက် ရယူရုံသာမက အပြန်အလှန် ဆက်သွယ်မှုများ ပြုလုပ် လာနိုင်စေရန် ဆောင်ရွက်မည်ဖြစ်သည်။ ဥပမာအားဖြင့် Web Portal မှ ဖောင်ပုံစံများ ရယူခြင်း၊ ဖြည့်စွက်၍ ပြန်ပို့ခြင်း၊ မေးခွန်းများ မေးမြန်းခြင်း၊ လိုအပ်ချက်များ တိုင်ကြားခြင်း၊ eCall Center ထားရှိပြီး ပြည်သူများ၏ လိုအပ်ချက် အသီးသီးကို တာဝန်ခံ ဖြေရှင်းခြင်း စသည်တို့ ဖြစ်သည်။ တတိယအဆင့်မှာ Web Portal မှတစ်ဆင့် လုပ်ငန်း လိုင်စင်များ လျှောက်ထားခြင်း၊ အခွန်အခများ ပေးသွင်းခြင်း၊ ဌာန ပေါင်းစုံမှ သတင်း အချက်အလက်များကို Database စနစ်ဖြင့် ရှာဖွေ ရယူနိုင်ခြင်း၊ ယာဉ်ကြော ပိတ်ဆို့မှု အခြေအနေ Live Update ကြည့်ခြင်း စသည်တို့ကဲ့သို့ Transaction လုပ်ငန်းများကို အွန်လိုင်းမှ ဆောင်ရွက်နိုင်မည်ဖြစ်သည်။

 eYangon အနေဖြင့် အခြား အွန်လိုင်း စနစ်များ တည်ဆောက်ရာတွင် လိုအပ်သည့် အခြေခံ အဆောက်အအုံများကို ဝန်ဆောင်ပေးသည့် Platform တစ်ခု အဖြစ် တည်ရှိနေမည် ဖြစ်သည့် အတွက် လုပ်ငန်း ဌာနများသည် လွယ်ကူ လျင်မြန်စွာ ၎င်းတို့၏ eGovernment စနစ်များကို တည်ဆောက်နိုင်မည်ဟု သိရသည်။ “ပြည်သူတွေကို အလွယ်တကူသိရှိ နိုင်မယ့်အချက်အလက်တွေကို Web Portal မှာ တင်ထားမယ့် အပြင် နိုင်ငံခြားသားတွေ အတွက် သိသင့်သိထိုက်တဲ့ အချက်အလက်တွေ သိနိုင်အောင်လည်း လုပ်ထားတယ်။ ဌာန အားလုံးနဲ့ ဆက်သွယ်ပြီး တစ်ဆင့်ချင်း ဆောင်ရွက်သွားမယ်။ ဘယ်အချိန် နောက်ဆုံး အဆင့်ရမယ်ဆိုတာ မပြောနိုင်သေးဘူး။ ဘတ်ဂျက်နဲ့ HR အပေါ်မှာ မူတည်တယ်။ ဌာနဆိုင်ရာတွေရဲ့ Internal System IT စနစ် လိုအပ်ချက်တွေ အပေါ်မှာလည်း မူတည်တယ်။ လက်ရှိ လုပ်နေတာက ဒါကို တွန်းအား ပေးလိုက်တဲ့သဘောပဲ” ဟု ဦးမင်းဦးက ဆက်လက် ပြောကြားသည်။ စတင် အကောင်အထည်ဖော်ခြင်းဖြင့် လုပ်ငန်းများ ဖြည်းဖြည်းချင်း အရှိန်ရကာ နောက်ဆုံး အဆင့်အထိ ရောက်ရှိ လာမည်ဖြစ်ကြောင်း ပြောကြားသည်။

သတင်းများ