သတင်းနှင့်ပြန်ကြားရေး

မော်တော်ယာဉ် အရောင်းပြခန်း (Show Room) တွင် ရောင်းချရန် မော်တော်ယာဉ်များကို တင်သွင်း လာသူများ လိုက်နာရမည့် စည်းကမ်းချက်များ

Mon, 04/06/2015 - 12:24

အမိန့်ကြော်ငြာစာ
အမှတ် ၂၀/၂၀၁၅

၁၃၇၆ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက် 
၂၀၁၅ ခုနှစ်၊ မတ်လ ၁၈ ရက်

၁။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရ စီးပွားရေးနှင့် ကူးသန်း ရောင်း၀ယ်ရေး ၀န်ကြီး ဌာန သည် ပို့ကုန် သွင်းကုန် ဥပဒေ ပုဒ်မ ၁၃၊ ပုဒ်မခွဲ (ခ) အရ အပ်နှင်း ထားသော လုပ်ပိုင်ခွင့် ကို ကျင့်သုံး၍ ဤ အမိန့် ကြော်ငြာစာကို ထုတ်ပြန်လိုက်သည်။
၂။ ၂၀၁၅ ခုနှစ်၊ ပြက္ခဒိန် နှစ်များ အတွက် မော်တော်ယာဉ် အရောင်းပြခန်း၊ (Show Room) တွင် ရောင်းချရန် မော်တော်ယာဉ် များကို တင်သွင်းလာသူများသည် အောက်ဖော်ပြပါ စည်းကမ်းချက်ကို လိုက်နာ ရမည်။

  • မော်တော်ယာဉ် အရောင်းပြခန်း (Show Room) တွင် ရောင်းချရန် တင်သွင်းလာသည့် မော်တော်ယာဉ်များသည် အသစ် (Brand New) ဖြစ်ရမည်။
  • တင်သွင်းလာမည့် မော်တော်ယာဉ်များ၏ Model year သည် ရောက်ရှိ ခုနှစ်နှင့် ရောက်ရှိ ခုနှစ်အောက် တစ်နှစ် နိမ့်ပြီး (လက်ရှိ ကာလတွင် ၂၀၁၄ ခုနှစ် နှင့် ၂၀၁၅ ခုနှစ် မော်ဒယ်)အသုံး မပြုရသေးသော Brand New (ဘယ်စတီယာရင်)ယာဉ် ကိုသာ တင်သွင်းရမည်။
  • အရောင်းပြခန်း ဖွင့်လှစ်ရန် အတွက် မြန်မာနိုင်ငံသား မှ ဖြစ်စေ၊ မြန်မာနိုင်ငံသားနှင့် နိုင်ငံခြား သားဖက်စပ် ဆောင်ရွက်ခြင်း ဖြစ်စေ၊ ရင်းနှီး မြုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီး ဌာနတွင် ၀န်ဆောင်မှု ကုမ္ပဏီ ဖြင့် မှတ်ပုံ တင်ရမည် ဖြစ်ပြီး ၎င်း ကုမ္ပဏီ သည် တစ်ဖက် နိုင်ငံရှိ ပင်ရင်း ကုမ္ပဏီ မှ ဖြစ်စေ Regional Office မှ ဖြစ်စေ မော်တော်ယာဉ် အသစ်များ ဖြန့်ဖြူး ရောင်းချရန် အရောင်း ကိုယ်စားလှယ် Distributorship ဖြင့် တရား၀င် ခန့်အပ် ခြင်း ခံရသူ ဖြစ်ရမည်။
  • မော်တော်ယာဉ် အရောင်းပြခန်း (Show Room) ကို အဆင့်မီစွာ တည်ထောင်ဆောင်ရွက် နိုင်သူ ဖြစ်ရမည်။
  • တင်သွင်းသည့် မော်တော်ယာဉ် အသစ်များ အတွက် လိုအပ်သည့် အာမခံမှု၊ Spare Parts  အပိုပစ္စည်းများ ရောင်းချနိုင်မှု၊ ရောင်းချပြီး နောက်ပိုင်း ပြင်ဆင်မှုများ (After Sale Services) ကို ဆောင်ရွက်နိုင်မည့် အလုပ်ရုံ ကို တည်ထောင် ဆောင်ရွက် နိုင်သူ ဖြစ်ရမည်။
  • သက်ဆိုင်ရာ တိုင်း/ ပြည်နယ် ဒေသကြီး အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာ စည်ပင် သာယာရေး အဖွဲ့များထံမှ လုပ်ငန်း လုပ်ကိုင်ခွင့် ကို လုပ်ထုံး လုပ်နည်း နှင့်အညီ တင်ပြခွင့် ပြုချက် ရရှိပြီးမှသာ အရောင်းပြခန်း (Show Room ) ဖွင့်လှစ် ဆောင်ရွက်ရမည်။
  • မော်တော်ယာဉ် အရောင်းပြခန်း (Show Room) တွင် ပြသ ရောင်းချမည့် မော်တော်ယာဉ် များကို အပ်ကုန် (Consignment Basic) စနစ်အပြင် LC (Letter of Credit) ငွေလွှဲ စာတမ်းဖြင့် ပေးချေသည့် စနစ် သို့မဟုတ် TT (Telegraphic Transfer) ကြေးနန်း ငွေလွှဲ ပို့နည်း စနစ်ဖြင့် တင်သွင်းနိုင်သည်။
  • မော်တော်ယာဉ် စီးရေ (၃၀၀) အထိ တင်သွင်းနိုင်သည်။
  • တင်သွင်းလာသော မော်တော်ယာဉ်များကို အရောင်းပြခန်းနှင့် သိုလှောင်ရုံ တွင်သာ ထားရှိရမည်။ အရောင်းပြခန်း မှ အပ အခြား နေရာများတွင် ပြသ ရောင်းချခြင်း၊ ၀ယ်သူအား ရောင်းချခြင်း မပြုမီ လမ်းများပေါ်တွင် မောင်းနှင် အသုံးပြုခြင်း လုံး၀ မပြုလုပ်ရ။
  • အရောင်းပြခန်း ဖွင့်လှစ် ဆောင်ရွက် မည့် ကုမ္ပဏီ ၏ ဘဏ်စာရင်းတွင် အာမခံငွေ (Deposit) အဖြစ် အမေရိကန် ဒေါ်လာ (၁) သိန်း အား နိုင်ငံခြားငွေ စာရင်း ဖွင့်လှစ် ဆောင်ရွက်ခွင့် ရှိသော ဘဏ် တစ်ခုခုတွင် ထည့်သွင်း သိမ်းဆည်း ထားရမည်။
  • အပ်ကုန် (Consignment Basic) စနစ်ဖြင့် တင်သွင်းခဲ့သည့် မော်တော်ယာဉ်များ ရောင်းချခြင်း၊ ငွေလွှဲခြင်း၊ လက်ကျန် စာရင်း ရှင်းလင်းခြင်း (သို့မဟုတ်) လုပ်ငန်း ရပ်ဆိုင်း၍ သတ်မှတ် ထားသော စည်းကမ်းချက်များနှင့် အညီ စာရင်း ရှင်းလင်းခြင်း တို့ကို အပြီးသတ် ဆောင်ရွက် ပြီးပါက အပ်နှံ ထားသော အာမခံငွေ (Deposit) ဒေါ်လာ (၁) သိန်း အား ပြန်လည် ထုတ်ယူနိုင်သည်။
  • မော်တော်ယာဉ် အရောင်း ပြခန်း လုပ်ငန်း ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ထားရှိရမည်. စာရွက်စာတမ်း၊ စာရင်း စာအုပ် စသည်တို့ကို စီးပွားရေးနှင့် ကူးသန်း ရောင်း၀ယ်ရေး ၀န်ကြီး ဌာန ကဖြစ်စေ၊ ၀န်ကြီး ဌာန မှ တာ၀န် လွှဲအပ်သည့် အဖွဲ့အစည်း မှ ဖြစ်စေ ဤ သို့ ၀င်ရောက် စစ်ဆေးခြင်း ကို သက်ဆိုင်ရာ လုပ်ငန်း ရှင်မှ ခွင့်ပြု ရမည်။
  • အရောင်းပြခန်း လက်မှတ်၊ ပို့ကုန် သွင်းကုန် လုပ်ငန်း ရှင် မှတ်ပုံတင် တို့အား အနည်းဆုံး သက်တမ်း မကုန်မီ (၁) လ ကြိုတင်၍ သက်တမ်း တိုးမြှင့်ပေးရန် လျှောက်ထား ရမည်။

သတင်းများ